News

“သရက်မြို့ ကပစ ၁၂ စက်ရုံမှူး ဗိုလ်မှူးကြီး ဝင်းကြူကို အောင်လံမြို့ ကပစ ၁၅ တပ်မှာ စစ်ဘက်အချုပ်ဖြင့်ဖမ်း ဆီးထား”

“သရက်မြို့ ကပစ ၁၂ စက်ရုံမှူး ဗိုလ်မှူးကြီး ဝင်းကြူကို အောင်လံမြို့ ကပစ ၁၅ တပ်မှာ စစ်ဘက်အချုပ်ဖြင့်ဖမ်း ဆီးထား”

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
မကွေးတိုင်း၊ သရက်မြို့အခြေစိုက် အမှတ်(၁၂)ကာကွယ် ရေးပစ္စည်းစက်ရုံ ( ကပစ ၁၂) စက်ရုံမှူး ဗိုလ်မှူးကြီး ဝင်းကြူကို ဧပြီလ ၂၀ ရက်ဝန်းကျင်က စ၍ အောင်လံမြို့၊ရွာမထုံးကျေးရွာအခြေစိုက် ကပစ ၁၅ တပ်ဗဟိုကင်းအ ချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သရက်မြို့စစ်ဘက်သတင်းရင်းမြစ်များထံကသိရသည်။

အဆိုပါ ကပစ ၁၂ စက်ရုံမှူး ဗိုလ်မှူးကြီး ဝင်းကြူသည် ဧပြီလ ၆ ရက်နေ့က ၄င်း၏လက်အောက်ရှိ ဗိုလ်ကြီး သိန်းသန်းစိုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးပေါက်မြို့နယ်အတွင်းဖမ်းဆီးသတ်ဖြတ်ခံရမှု၊ လက်နက်ကုန်ကြမ်းများတင်ဆောင်လာသည့် တွဲကားသုံးစီးပျောက်ဆုံးခဲ့ရမှုများနှင့်ပတ်သက်၍ တာဝန်ရှိသည်ဟုဆိုကာ ၄င်းအပါအဝင် စစ်ဘက်အကြီးတန်းအရာရှိတချို့ ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဧပြီလ ၈ ရက်နေ့တွင် နေပြည်တော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာချုပ်ရုံး( ကကထုတ်) မှ ဒု-ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဗိုလ်ချုပ် ရဲအောင် လာရောက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းဖြစ် သည်။

” အဲ့ဒီကိစ္စဖြစ်ပြီး နောက်နေ့ ဒု-ထုတ်ချုပ်ကိုယ်တိုင် ဆင်းလာတယ်။ ၃ ရက်လောက်နေသွားတယ်။ အဲ့ထဲက ဗိုလ် မှူးကြီး ဝင်းကြူနဲ့ သူ့အောက်က အရာရှိ ၄ ယောက်လောက်ကိုတာဝန်ရှိမှုနဲ့ဖမ်းချုပ်ထားတာ။အဲ့ဒီကနေမှ ပြီးခဲ့တဲ့တပတ်လောက် ကစပြီး စက်ရုံမှူး တယောက်ထဲကိုဘဲ အောင်လံက ကပစ ၁၅တပ်မှာ ပြောင်းပြီးချုပ်ထားတာ။ ခုသူတို့ကိုအဲ့ဒီအမှုစစ်နေပြီ ” ဟု သရက်မြို့ကပစတပ်နဲ့နီးစပ်တဲ့ စစ်ဘက်သတင်းရင်းမြစ်တဦးက ဧရာဝ တီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကပစ ၁၂ စက်ရုံမှူး ဗိုလ် မှူးကြီး ဝင်းကြူအပါအဝင် ကပစ ၁၂ တပ်မှအကြီးတန်းစစ်အရာရှိ ၃ ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရမှု၊ ၄င်းတို့ကိုင်ဆောင်သည့်လက်နက်ငယ် ၇ လက်နှင့်ကျည်ဆံများ၊ စစ်လက်နက်ထုတ်လုပ်ရေးတွင် အသုံးပြုမည့်ကုန်ကြမ်းအလူမီနီယံထည်ပစ္စည်းများပျောက်ဆုံးမှု၊ ညွှန်ကြားချက်များကိုတိကျစွာလိုက်နာမှုမရှိခြင်း၊စီမံအုပ်ချုပ်မှုလျော့ နည်းမှုကြောင့် ယင်းကဲ့သို့ဖြစ်ပွားရသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ကပစ ၁၅ တပ်တွင် စက်ရုံမှူး ဗိုလ်မှူးကြီး ဝင်းကြူ တဦးထဲကိုသာဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်ပြီး ကျန် စစ်ဘက်အကြီးတန်းအရာရှိများကို ကပစ ၁၂ တွင်သာ ဖမ်း ဆီးချုပ်နှောင်ထားကြောင်းသိရသည်။

လက်ရှိတွင် ဗိုလ်မှူးကြီး ဝင်းကြူနှင့်အရာရှိများကို စစ်ကောင်စီတပ်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ထားပြီး စုံစမ်းစစ်ဆေးရေးခုံရုံးတွင် ၄င်းအားချုပ်နှောင်ထားသည့် ကပစ ၁၅တပ် မှ ဒု-စက်ရုံမှူး ဒု-ဗိုလ်မှူးကြီး ညီညီသွင်က အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်း သိရသည်။

သရက်မြို့အခြေစိုက် ကပစ ၁၂ အား စက်ရုံမှူး ဗိုလ်မှူး ကြီး ဝင်းကြူ၏နေရာတွင် ဒု-စက်ရုံမှူး မှ စက်ရုံမှူးအဖြစ် ခေတ္တတာဝန်ယူဆောင်ရွက်နေသည်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။

သေဆုံးသွားသည့် ဗိုလ်ကြီး သိန်းသန်းစိုးနှင့်စစ် ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသည်ပေါက်မြို့အခြေစိုက် ကပစ ၂၄ တပ် သို့ လက်နက်ကုန်ကြမ်းပစ္စည်းများ ပို့ဆောင်ရန်အတွက် တွဲကားသုံးစီးဖြင့် သရက်မြို့ ကပစ ၁၂ မှ ဧပြီလ ၆ ရက်နေ့မနက်စောပိုင်းတွင် ထွက်ခွာလာပြီးနောက် ညနေ ၅ နာ ရီဝန်းကျင်တွင် ပေါက်မြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပေါ်တွင် ပေါက်-PDF တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။