Local News

ဂျပန်လုပ်ငန်းရှင် ၁ ဦး မြန်မာပြည်သူများအတွက် ယန်းငွေ ၁၀ သန်းကျော်လှူဒါန်းခဲ့၊ ဂျပန်အစိုးရနှင့် ပြည်သူ ခွဲခြားမြင်ပေးရန် တိုက်တွန်

ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူကို ခွဲခြားမြင်ပေးစေလိုတယ်လို့ မြန်မာ့ပြည်သူတွေအတွက် ယန်းငွေ ၁၀ သန်းကျော် အလှူငွေ အကူအညီပေးခဲ့တဲ့ ဂျပန်လူမျိုး ကားပြင်စက်ရုံပိုင်ရှင် မစ္စတာ ယိုရှိဇဝါက ပြောကြားလိုက်ပါတယ်။

 

နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေကို လွတ်မြောက်အောင်ရေးအတွက် ကူညီပေးနေတဲ့ ဂျပန်လူမျိုးတွေထဲက တဦးဖြစ်တဲ့ မစ္စတာ ယိုရှိဇဝါက ဧပြီ ၃၀ ရက် ဒီကနေ့ ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်တာပါ။

ဂျပန်နိုင်ငံ၊ ဆိုင်တမခရိုင်၊ ဖူဂျီမိနိုမြို့က ကားပြင်စက်ရုံပိုင်ရှင် မစ္စတာ ယိုရှဇဝါယာဆုဟိရို ဟာ မြန်မာပြည်မှာ ၂၀၂၁ ခု ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာပြည်သူတွေအတွက် ဂျပန် ယန်းငွေ ၈ ဒသမ ၆ သန်း လှူဒါန်းခဲ့သလို ၂၀၂၁ ခုနှစ် မတိုင်ခင်ကလည်း ထိုင်း-မြန်မာနယ်စပ်ဒေသရှိ မြန်မာပြည်သူတွေအတွက် ယန်းငွေ ၂သန်းကျော် လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။

 

လက်ရှိမြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ဘေးရန်ကနေ လွတ်မြောက်အောင် ဂျပန်အစိုးရက မလုပ်ဆောင်ပေးတဲ့အပြင် အားပေးသလိုဖြစ်နေတဲ့အတွက် ဂျပန်ပြည်သူတွေနဲ့ ဂျပန်အစိုးရကို ခွဲမြင်ကြဖို့ သူက တိုက်တွန်းပါတယ်။

မစ္စတာ ယိုရှိဇဝါဟာ လွန်ခဲ့တဲ့ ၇ နှစ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ရောက်လာခဲ့ပြီး ဆေးလာကုကြတဲ့ ဒုက္ခသည်မြန်မာပြည်သူတွေ ကြိုးစားရုန်းကန်အသက်ရှင်နေထိုင်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးနောက် တနှစ်ကို ယန်းငွေ ၁ သန်းအနည်းဆုံး လှူဒါန်းမယ်လို့ ဒေါက်တာ စင်သီယာ မောင်ထံမှာ ကတိပြုခဲ့တယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံကို ပြန်လာချိန်မှာတော့ ကတိတည်ဖို့ ကုမ္ပဏီဝန်ထမ်းဘဝမှ ထွက်ကာ အစိုးရချေးငွေနဲ ကားပြင်စက်ရုံထောင်ကာ အပြင်းအထန်ကြိုးစားခဲ့ရကာ ၂ နှစ်ကျော်ကာလမှာတော့ ကတိအတိုင်း မိသားစုနဲ့အတူ သွားရောက်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ယိုရှိဇဝါက “ဂျပန်မှာသာမန်ရိုးရိုး ဝန်ထမ်းအလုပ်သမားတစ်ယောက် အနေနဲ့အခုလိုလှူနိုင်ဖို့ ခက်ပါတယ်။ အခုလို အောင်မြင်တဲ့ စည်ပင်ကားပြင်စက်ရုံပိုင်ရှင် ဘဝရောက်တာ လှူနိုင်တာကလည်း မြန်မာပြည်သူပြည်သားတွေကို ကူညီထောက်ပံ့လိုမှု စိတ်ဆန္ဒက တွန်းအားတွေဖြစ်ပြီး ခွန်အားတွေ ရရှိလာကာ မြန်မာပြည်သူတွေကြောင့်လည်း အခုလိုအောင်မြင်တဲ့လုပ်ငန်းရှင်တဦးဖြစ်လာ ခဲ့ရတာ” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို အကြိမ်ကြိမ်သွားရောက်ခဲ့သူ မစ္စတာယိုရှဇဝါ အနေနဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံရောက်ဂျပန်စစ်သားတွေ ပြန်လည်ထွက်ခွာနိုင်ဖို့ မြန်မာနိုင်ငံက တောင်ပေါ် တိုင်းရင်းသားတွေက အသက်ဘေးအန္တရာယ်ကနေ ကာကွယ်ကူညီခဲ့တာတွေကြားသိမြင်တွေ့ခဲ့ရလို့ မြန်မာတိုင်းရင်းသားပြည်သူတွေကို ကျေးဇူးဆပ်ချင်တဲ့သဘောလည်းရှိတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ မြန်မာပြည်သူတွေထံက ကျေးဇူးတင်ပါတယ်ဆိုတဲ အသံတွေက သူ့ရဲ့ပင်ပန်းတဲ့ အလုပ်တွေကို ပြေပျောက်ပြီး ခွန်အားတွေရရှိတာမို့ မြန်မာပြည်သူတွေ အားမလျော့ကြဖို့နဲ့ မြန်မာပြည်သူတွေနဲ့ အတူ နွေဦးတော်လှန်ရေး အောင်မြင်တဲ့အတူ ကူညီထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီရရှိပြီး တိုင်းပြည် ပြန်လည်အေးချမ်းချိန်မှာ မြန်မာပြည်သူတွေကို စည်ပင်လုပ်ငန်းတွေအပါအဝင် အကျိုးပြုမယ့်လုပ်ငန်းတွေ မြန်မာလူငယ်တွေကို လက်ဆင့်ကမ်းဆောင်ဆောင်ရွက်ပေးဖို့ စဉ်းစားထားတယ်လို့လည်း မစ္စတာယိုရှဇဝါက သတင်းစကားပါးလိုက်ပါတယ်။

ဇော်ဇော်လှိုင်