News

စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် အစပ်ရှိ အဖိုးတန်သစ်များကို သစ်တောဌာနဝန်ထမ်းများကိုယ်တိုင် မှောင်ခိုတင်ပို့ရောင်းချနေ

စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် အစပ်ရှိ အဖိုးတန်သစ်များကို သစ်တောဌာနဝန်ထမ်းများကိုယ်တိုင် တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့ရောင်းချနေ

မေလ ၅ ရက်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ နယ်စပ်ရှိ သစ်တောများမှ ထုတ်ယူသည့် အဖိုးတန်သစ်များကို အာဏာသိမ်းစစ်ကောင်စီ၏သစ်တောဝန်ထမ်းများက ပေါက်ဖော်နိုင်ငံသို့ ဗန်းမော်လမ်းကြောင်းမှတဆင့် နေ့စဉ်မှောင်ခိုတင်ပို့ရောင်းချနေကြောင်း ဗန်းမော်မြို့ခံများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ သစ်တောဌာနမှ ဝန်ထမ်းများကိုယ်တိုင် ကြီးကြပ်ပြီးသစ်မှောင်ခိုသမားများက မြန်မာ့အဖိုးတန် သစ်များ ခွဲသားများပြုလုပ်ပြီး

တရက်လျှင် သစ်ကား ၁၅ စီးခန့် နေ့စဉ်တင်ပို့နေကြောင်း ၊ သစ်များအပြင် မီးသွေးများလည်း တရက်လျှင် ၅ စီးခန့် တရုတ်နိုင်ငံသို့ သွားနေကြောင်း ဗန်းမော်မြို့ခံများက ပြောသည်

သစ်တွေကို ဗန်းမော်မြို့ရှောင်လမ်းကို မသုံးဘဲ ဗန်းမော်မြို့မရောက်ခင် ၅ မိုင်လောက်ဝေးတဲ့နေရာမှာ တောင်ပေါ်လမ်း တစ်ခုရှိတယ်။ အဲ့ဒီလမ်းကို သုံးတယ်။ လုပ်တာက သစ်တောဝန်ထမ်းတွေကိုယ်တိုင် နောက်ကွယ်က ဦးစီးနေတာ။ သစ်တွေကို တရုတ်ပို့မယ့် ကုန်တွေအောက်မှာ တင်ပြီးပို့တာ

အလုံးလိုက်တော့ မဟုတ်ဘူး တမလန်းသစ်လည်းပါတယ်။ ခွဲသားတွေဆိုတော့ သူတို့ဖုံးထားလို့ရတာပေါ့။ အပြန်ကြတော့မှ ဗန်းမော်မြို့လမ်းကို သုံးတယ်ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်

ထို့ကဲ့သို့ မြန်မာ့ အဖိုးတန်သစ်များကို တရားမဝင်နည်းဖြင့် တင်ပို့ရာတွင် စစ်ကောင်စီလက် အောက်ခံ မြန်မာ့သစ်တောဌာနမှ ဝန်ထမ်းများလည်း ပါ ဝင်သလို စစ်ကောင်စီတပ်များက လိုင်းကြေးယူ၍ ခွင့်ပြုပေးထားကြောင်း ဗန်းမော်မြို့ခံများထံက သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်အစပ်ရှိ မော်လိုက်မြို့တွင် သစ်တောဦးစီးဌာနဝန်ထမ်းများ အလွန်အမင်းသစ်ခိုးထုတ်နေသည်ဟုဆိုကာ ဒေသကာကွယ်ရေးတပ်များက အဆိုပါ မော်လိုက်သစ်တောရုံးကို နံနံသီးခွဲခဲ့သေးသည်။

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိ ယာသည် နိုင်ငံဧရိယာ၏ ၄၃ ရာခိုင်နှုန်းရှိကြောင်း ကုလ သမဂ္ဂမှ ဖော်ပြထားသော်လည်း မြေပြင်တွင် ပိတ်မှောင်နေသောသစ်တော Close Forest ပမာဏသည် ၂၆ ရာခိုင်နှုန်းသာ အမှန်တကယ် ရှိနေကြောင်

မြန်မာတွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး MEITI ၏ အစီရင်ခံစာများတွင် ဖော်ပြခဲ့သည်

အာဏာရှင် စစ်အစိုးရအဆက်ဆက် မြန်မာ့သစ်တောနှင့် သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ရေးတွင် မြန်မာ့သစ်လုပ်ငန်းနှင့် ဌာနတွင်း ဝန်ထမ်းများ၏ အကျင့်ပျက် ချစားမှုများက

ခေတ်အဆက်ဆက် ရှိနေခဲ့သလို ယခု ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် သစ်တောဌာနတွင်လည်း ထိုကဲ့သို့ အကျင့်ပျက် ချစားမှုများက စဉ်ဆက်မပျက် ရှိနေဦးမည်ဖြစ်ကြောင်း ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ခဲ့သူတဦးက မှတ်ချက်ပြုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ကသာမြို့အနီး သစ်တင်ရေယာဉ်များတွေ့ရစဉ် ပုံဟောင်းပြန်လည်အသုံးပြုထားသည် Crd- ဧရာဝတီတိုင်းမ်