News

မင်းအောင်လှိုင် အင်းလျားလမ်းနေအိမ် ပထမနေ့ ၂၄ နာရီအတွင်း ဒေါ်လာ ၇ သိန်းကျော်ဖိုး ရောင်းချရ

မင်းအောင်လှိုင် အင်းလျားလမ်းနေအိမ် ရောင်းချမှု ပထမနေ့ ၂၄ နာရီအတွင်း ဒေါ်လာ ၇ သိန်းကျော်ဖိုး ရောင်းချရ

ရန်ကုန်၊ မေ ၇

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အင်းလျားလမ်းနေအိမ်ကို မေလ ၅ ရက်နေ့တွင် စတင်လိုက်ပြီး ၂၄ နာရီအတွင်း အမေရိကန်ဒေါ်လာ ၇ သိန်းကျော်ဖိုး ရှယ်ယာများ ရောင်းချရကြောင်း NUG အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးထုတ်ပြန်ထားသည်။

ပထမဆုံးခြေလှမ်းအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ ၁၄ အင်းလျား အိမ်နဲ့ခြံကို ကြိုတင်ရောင်းချခဲ့တယ်။စတင်ရောင်းချလို့ ၂၄ နာရီ ပြည့်တဲ့အချိန်မှာ အစုရှယ်ယာပေါင်း ၇၂၂၈ ရောင်းချနိုင်ခဲ့တယ်။

ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ ဆိုတော့ စုစုပေါင်း ဒေါ်လာ ခုနှစ်သိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တာပဲ။ ဒီကိန်းဂဏန်းကို ကြည့်တာနဲ့တင် ဒီတော်လှန်ရေးအောင်မြင်ဖို့

ဘယ်လောက်အထိ ပြည်သူတွေ သန္နိဋ္ဌာန်ပြတ်သားနေသလဲဆိုတာ မေးခွန်းထုတ်စရာ မလိုအပ်တော့ပါဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန်ထားသည်။

ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံတော်ပိုင် နေအိမ်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ က အမေရိကန်ဒေါ်လာ ၁၀ သန်း ဈေးနှုန်းသတ်မှတ်လိုက်ပြီး

ဒေါ်လာ ၁၀ သန်းကို အစုရှယ် ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အာဏာရှင် အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း

စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း သိရှိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါနိုင်ငံတော်ပိုင်မြေမှာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိကြောင်း

NUG က မင်းအောင်လှိုင်အိမ်ကို ရောင်းချသည့်အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ကြောင်း သိရှိရသည်။

ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် စတင်ရောင်းချမည့်အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေနီးစပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ကြောင်း

ဤရောင်းချမှုအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း

အာဏာရှင်အဆုံးသတ်နိဂုံးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ဝယ်ယူကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်အပ်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည် Crd- Khit Thit