Local News

ဒေါ်အောင်ဆန်းစုကြည်(မေစု)ကို ချန်ခဲ့ချင်သူများအတွက်

ဒေါ်အောင်ဆန်းစုကြည်(မေစု)ကို ချန်ခဲ့ချင်သူများအတွက်
******

စစ်တပ်ဟာ မြန်မာပြည်က အက်တီဗစ်စ်ဆိုသူတွေ၊ နယ်စပ်က စီအက်စ်အိုပေါင်းစုံနဲ့ ပြည်တွင်းက A-Z အဖွဲ့ပေါင်းစုံကို ဘယ်တုန်းကမှ ရှိတယ်လို့ မသတ်မှတ်ခဲ့ဘူး။ သူတို့ရဲ့ ပါဝါကို ခြိမ်းခြောက်နိုင်တဲ့ အက်တာတွေ အဖြစ် စားပွဲပေါ်ကို မတင်ခဲ့တာ။ ပါးစပ်ကနေသာ NGO တွေက ဘာဖြစ်ညာဖြစ်ဆိုပြီး ခြောက်လုံး၊ လှန့်လုံးလောက် ထုတ်ခဲ့တာ။ ဒါ အရှိတရားပဲ။

စားပွဲပေါ် မတင်ခဲ့တဲ့အပြင် အာဏာသိမ်းပြီးချိန်မှာ အဲဒီ စီအက်စ်အိုတွေ၊ အက်တီဗစ်တွေရဲ့ NLD အစိုးရအပေါ် ပေါက်ပန်းလေးဆယ်ပြောတဲ့ စကားတွေကိုတောင် မင်းအောင်လှိုင်က သူ့စကားတွေထဲ ထည့်ထည့်ပြောခဲ့ဖူးတယ်။ ပြန်ရှာကြည့် သိလိမ့်မယ်။

ဆိုလိုတာက – ပါဝါဟာ ဘယ်မှာလဲ ဆိုတာကို ကောင်းကောင်းသိတဲ့ စစ်တပ်ဟာ ပြည်သူကို တစ်ကယ် စည်းရုံးထားနိုင်တဲ့ ဒေါ်စုနဲ့ NLD ကိုသာ ဦးတည်ခဲ့တာ။ ဘာလို့လဲဆိုတော့ ပြည်သူနဲ့ တစ်သားတည်း စည်းရုံးထား နိုင်တဲ့ ပါဝါဟာ NLD မှာပဲ ရှိတာ။ ဒေါ်စုဆီမှာပဲရှိတာ။ တစ်နေ့က ဘန်ကောက်မှာ ဆန္ဒပြကြတဲ့ ပုံတွေကို ကြည့် – ဒေါ်စုနဲ့ ဦးဝင်းမြင့် ပုံတွေချည်းပဲ ပလူပျံနေတာ။ ဒါကို ကြည့်ရင်ပဲ အများပြည်သူဟာ နယ်စည်းမခြားဘဲ NLD နဲ့ ဒေါ်စုကို ဆက်ထောက်ခံလျက်ပဲဆိုတဲ့ သက်သေတွပဲ။

ဒီလိုပြောတာ – ပန်းသီးနဲ့ လိမ္မော်သီးတိုင်းတာမဟုတ်ဘူး။ အက်တီဗစ်စ်တွေ၊ CSO တွေ ဆိုတာ နိုင်ငံရေး အက်တာတွေမဟုတ်ဘူး။ social actor တွေ။ ဒါကြောင့် နိုင်ငံရေး အက်တာတွေရထားတဲ့ တရားဝင်မှုနဲ့ ပါဝါ သူတို့ဆီမှာ မရှိနိုင်ဘူး။ ဒါက သီအိုရီသဘော။

လက်တွေ့သဘောမှာလဲ – ပြည်သူလူထုကြားထဲကို ထဲထဲဝင်ဝင်စည်းရုံးထားနိုင်တာက ဒေါ်စုနဲ့ NLD ပဲ။ အဲဒီ စည်းရုံးမှုနဲ့ပဲ ၂၀၀၈ ကိုတောင် မျက်ခုံးလှုပ်စေခဲ့တာ။ စစ်တပ်ကတောင် “ငါတို့ မသိမ်းရင် ငါတို့ ဖောက်ခဲ့တဲ့လမ်းဟာ သူတို့ လျှောက်မယ့်လမ်းဖြစ်သွားမယ်” ဆိုတာကို ကောင်းကောင်းနားလည်လို့ အာဏာပြန် သိမ်းလိုက်တာပဲ။ ရှင်းပါတယ်။

အဲ့တော့ သီအိုရီ သဘောကပဲ ပြောပြော၊ လက်တွေ့သဘောကပဲ ပြောပြော၊ ပြည်သူလူထုကို ဘယ်သူက ကောင်းကောင်းစည်းရုံးထားနိုင်သလဲ၊ ပြည်သူလူထုကရော ဘယ်သူ့ကို သူတို့ရဲ့ တရားဝင် ကိုယ်စားလှယ်တွေ အဖြစ် သတ်မှတ်လက်ခံထားသလဲဆိုတာကို အဲဒီ အက်တီဗစ်တွေ၊ CSO တွေ သိဖို့ကောင်းတယ်။

သိပြီး – တရားဝင်မှုရှိပြီးသား ပါဝါ၊ ပြည်သူ့ ထောက်ခံမှုရပြီးသား ပါဝါကို ကပျက်ယပျက်လုပ်မှာမျိုးထက်၊ အားကောင်းသထက် အားကောင်းအောင် ဝန်းရံပြီး၊ မိမိတို့ဖက်ကလည်း ကိုယ့် နေရာကနေ ကျွမ်းကျင်မှုအမျိုးမျိုးနဲ့ အထောက်အပံ့ပြုရင် တော်လှန်ရေးအတွက် အားဖြစ်ဖို့သာ ရှိတယ်။

အခုကကျတော့ – မိမိတို့ ကိုယ်တိုင်လည်း မြေပြင်နဲ့ မနီးစပ် (မေးရရင် – အဲဒီ အက်တီဗစ်ဆိုတာတွေ လူ့အဖွဲ့အစည်း ထဲကို အတွင်းကျကျ ဘယ်လောက် ဆင်းဖူးလဲ မေးချင်တယ်)၊ နိုင်ငံရေး အက်တာတွေရဲ့ ပါဝါကိုလည်း လွယ်လွယ် လေးနဲ့ ချန်ခဲ့လို့ရမယ်လို့ စိတ်ကူးယဉ်ကြတော့ ဟိုမရောက်၊ ဒီမရောက် ဖြစ်တာပေါ့။

ဟုတ်ပြီး – ကိုယ်ပိုင်နိုင်ငံရေး လုပ်ချင်တာက ရတယ်၊ ပြည်သူလက်ခံလာအောင် ကိုယ့်ဘာသာကိုယ် ကြိုးစားကြပေါ့။ ပြည်သူလက်ခံရင် ဘာပြောစရာရှိမလဲ။

ဒါပေမယ့် တော်လှန်ရေးကို အကြောင်းပြု၊ နေရာဝင်ဦး၊ ပြီးတော့ တော်လှန်ရေးရဲ့ တရားဝင်မှု မဏ္ဍိုင်ကို ဘာမှ မဟုတ်သယောင်လုပ်ပြီး၊ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ခေါင်းဆောင်ကိုပါ ချန်ခဲ့ချင်တာလိုလို၊ ဘောင်မဝင်တော့ သလိုလို လုပ်တာမျိုးဟာ အချောင်သမား စိတ်ဓာတ်တွေပဲ။ အချိန်မလင့်ခင် ပြင်ဆင်ကြပါကုန်။

စစ်မော်

Credit:-*^