Local News

လမ်းမထက်က ဓားပြများနှင့် လုံခြုံမှုကင်းမဲ့နေသည့် ပြည်သူများ

လမ်းမထက်က ဓားပြများနှင့် လုံခြုံမှုကင်းမဲ့နေသည့် ပြည်သူများ (ဆောင်းပါး)

လူငယ့်ခေတ်

သြင်္ကန်ကာလမတိုင် ဧပြီလ ၁၀ ရက်နေ့က ဖြစ်သည်။ လှိုင်သာယာမြို့နယ်ရှိ လူစည်ကားရာ လမ်းဆုံတစ်ခုတွင် မောင်ခန့်တစ်ယောက် ဆိုင်ကယ်ဂိတ်ထိုးကာ ငှားရမ်းမည့်ခရီးသည်ကို စောင့်မျှော်နေခဲ့သည်။ သူနှင့်အတူ အခြားသော ဆိုင်ကယ်ကယ်ရီသမား ၅ ယောက်လည်း ခရီးသည်ကို စောင့်မျှော်နေကြသည် ။ဆိုင်ကယ်အသစ်၊ အဟောင်း စုံလင်စွာရပ်တန့်ထားသည့် မောင်ခန့်တို့ကယ်ရီဂိတ်ဆီသို့ အသက် ၂၅ နှစ် အရွယ် ပိန်ပိန်ပါးပါး၊ အသားဖြူဖြူနှင့် ချောမောလှပသည့် မိန်းကလေးတစ်ဦး ဦးတည်၍လာနေသည်။ ကယ်ရီဂိတ်ရှိလူ များ ခေါင်းထောင်လာပြီး “ညီမလေး ဘယ်လဲ” ဟူသော အသံများဖြင့် ခရီးဦးကြိုပြုကြတော့သည်။

မောင်ခန့်၏ ဆိုင်ကယ်သည် Kenbo 125 အသစ်ဖြစ်ပြီး မကြာသေးခင်ကမှ အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ် သည်။ သူ၏ စိတ်ကူးသည် ဇွန်လ၌ ဆိုင်ကယ်အကြွေးကျေမည်။ မိုးရာသီကာလတွင် ကယ်ရီလိုက်ခြင်းမှရရှိသည့် ငွေကြေးအပြည့်အဝကို မိသားစုထံ ထောက်ပံ့နိုင်မည်ဟု တွေးတောထားခြင်းပင်။သို့သော် စိတ်ကူးနှင့်လက်တွေ့က ကွာခြားခဲ့သည်။ ဆိုင်ကယ်ဂိတ်ကို ဦးတည်လာသည့် မိန်းမချောဖြစ်သူကတော့ မောင်ခန့်ရှိရာဆီသို့သာ တန်းတန်းမတ်မတ်လျောက်လာသည်။

ထို့နောက် “အကို အလယ်ရွာကို ဘယ်လောက် ပေးရမလဲ” ဟု မိန်းမချောဖြစ်သူက မောင်းခန့်ကိုမေးသည်။ ၁၀ မိနစ်အတွင်းရောက်ရှိနိုင်သည့် ခရီးစဉ်ကို မောင်ခန့်က ၂ ထောင်ကျပ်တောင်းသည်။ မိန်းမချောဖြစ်သူက ၁၅၀၀ ကျပ်ထားရန် ဈေးဆစ်သည်။ နံနက် ၇ နာရီအထိ ဈေးဦးမပေါက်သေးသည့် မောင်ခန့်တစ်ယောက် ဒီလိုအခွင့်အ ရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။

အခြားသော ကယ်ရီသမားများကလည်း “မင်းမလိုက်ရင် ငါလိုက်မယ်” ဟူ သော အသံများ ထွက်လာသည်။ ထို့ကြောင့် မောင်ခန့် ခေါင်းညိမ့်လိုက်တော့ သည်။ ခရီးစဉ်သည် ရွှေလင်ဗန်းစက်မှုဇုံကို ဖြတ်သန်းရသည်။ အဆိုပါစက်မှုဇုံသည် ဇုံအလယ်ရှိ လမ်းမကြီးတစ်ခုမှလွဲ၍ အခြားသော လမ်းပိုင်းများတွင် လူသူအနည်းငယ်ပျက် လေ့ရှိသည်။ ဆိုင်ကယ်ထွက်ခွာပြီး ၅ မိ နစ်ခန့်အကြာတွင် မိန်းမချောဆီသို့ ဖုန်းဝင်လာသည်။ သူမဘာပြောနေသည်မသိ။ မောင်ခန့်ကြားရသည်မှာ မိန်းမချောထံမှ “ဟုတ်ကဲ့” ဟူ၍သာ ဖြစ်သည်။

ဖုန်းချပြီးသည့်နောက် မိန်းမချောဖြစ်သူက “အကို အလယ်ရွာထိ မသွားတော့တော့ဘူး။ ရှေ့လမ်းထဲက စက်ရုံ ရှေ့ဆိုရပြီ” ဟု မောင်ခန့်ကိုပြောလာသည်။ သူမပြောသည့်အတိုင်း မောင်ခန့်လည်း ဆိုင်ကယ်ကို ကွေ့လိုက်တော့ သည်။ တံခါးများပိတ်ထားသည့် စက်ရုံတစ်ခုရှေ့တွင် မောင်ခန့်နှင့် မိန်းမချောလေးဖြစ်သူကို အမျိုးသားနှစ်ဦးက စောင့်ကြိုနေသည်။ ကောင်းသောကြိုဆိုခြင်းတော့မဟုတ်ခဲ့ပေ။

အမျိုးသားတစ်ဦးက မောင်ခန့်၏ ဝမ်းဗိုက်ဆီသို့ ဓားတစ်ချောင်းဖြင့် ထောက်ထားပြီး အခြားအမျိုးသားတစ် ယောက်က ဆိုင်ကယ်ထံမှ သော့ကိုဖြုတ်လိုက်သည်။
“မနက်အစောကြီး ဓားပြတိုက်ခံရတာဗျာ။ လမ်းမနဲ့လည်းမဝေးဘူး။ လူလည်းမပျက်ဘူး” ဟု မောင်ခန့်သည် ယင်းနေ့က ဖြစ်စဉ်ကို စိတ်တိုစွာဖြင့် ပြန်လည်ပြောပြသည်။

သူစိတ်တိုမည်ဆိုပါကလည်း စိတ်တိုလောက်ပေသည်။ ဆိုင်ကယ်သော့ဖြုတ်သည့် အမျိုးသားသည် မောင်ခန့်ကို ပါးသို့ခပ်ပြင်းပြင်းတစ်ချက်ရိုက်ကာ ဖုန်းနှင့် ပါသမျှပိုက်ဆံပေးရန် ပြောသည်။ ကုတ်ခြစ်စုဆောင်းကာ ၂ သိန်း ၄ သောင်းကျပ်ဖြင့် ဝယ်ယူထားသည့် OPPO ဟန်းဆက်နှင့် ဆိုင်ကယ်ဆီဖြည့်ရန် ဇနီးဖြစ်သူထံမှ တောင်းယူလာခဲ့ သည့် ၅ ထောင်ကျပ်ကို ဓားပြများက ယူဆောင်သွားတော့သည်။

မောင်ခန့်သည် ရန်ကုန်မြို့ရှိ လမ်းမများထက်၌ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရသူများအနက်မှ တစ်ဦးတစ်ယောက်သာဖြစ်သည်။ ၎င်းကဲ့သို့ ရန်ကုန်မြို့ပြလမ်းမများထက်၌ ဓားပြတိုက်ခံရသူ အများအပြားရှိနေသည်။ ရွေ့ပြောင်းလုပ်သားများနှင့် လူဦးရေထူထပ်လွန်းလှသည့် လှိုင်သာယာမြို့နယ်တွင် လမ်းမများထက်၌ လုယက်မှု ဖြစ်စဉ်ကို တစ်ပတ်လျင် ၂ ကြိမ်နှင့်အထက် ကြားသိနေရသည်မှာ အဆန်းမဟုတ်တော့ပေ။

စစ်ကောင်စီလက်ထက်တွင် လမ်းမထက်မှ ဓားပြများနှင့်ပတ်သက်၍ တိုင် တန်းမှုမရှိသလို အရေးယူပေးမည့်သူလည်း မရှိခဲ့။“အုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းက သူတို့ကိုယ်သူတို့ ခြံခတ်ပြီးနေကြတာ။ သူတို့အပြင်ထွက်ချင်ရင်တောင် သံဆူးကြိုး တွေ ဖယ်ပြီးထွက်နေရတာ။ ဘယ်မှာသွားတိုင်ရမှာလဲ။ တိုင်တော့ကော သူတို့ဘာလုပ်ပေးမှာ မို့လို့လဲ”ဟု မတ်လ ဆန်းတွင် လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမပေါ်၌ လည်ပင်းပေါ်ရှိ ၁ ကျပ်သားကျော် ရွှေဆွဲကြိုးတစ်ကုံး အလုခံရသည့် ဒေါ်သိန်းက ပြောသည်။

ယုံကြည်အားကိုး၍မရသော စစ်ကောင်၏ရုံးဌာနများကို အဖိနှိပ်ခံပြည်သူများက အားကိုးမှုလျော့ကျ လာခဲ့သည့်နောက် လူမိုက်များနှင့်ပူးပေါင်းကာ ကိစ္စကြီး ငယ်တို့ကို ဖြေရှင်းကြသည့် အလေ့အကျင့်မှာလည်း လှိုင်သာယာမြို့ နယ်၌ ရှိသည်။ဇန်နဝါရီလအတွင်းကလည်း လှိုင်သာယာမြို့ စက်မှုဇုံမှတ်တိုင် (အတွင်းလမ်း) အနီး၌ စက်ရုံအဆင်း စက်ဘီးဖြင့် ပြန်လာစဉ် မမြသက်ဆိုသူ အမျိုးသမီး၏ လက်ကိုင်အိတ်ကို ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားနှစ်ဦးက လုယက်သွားခဲ့သည်။အဆိုပါ လက်ကိုင်အိတ်အတွင်း၌ ကျပ် ၄ သိန်းကျော်တန် ဟန်းဆက်တစ်လုံး၊ ဝန်ထမ်းကတ်နှင့် ငွေကျပ် ၁ သိန်း ကျော်ပါဝင်သည်။

“သုံးရက်လောက်ကြတော့ ဟန်းဆက်ပြန်ရတယ်။ ပိုက်ဆံတော့ ပြန်မရဘူး။ ဟန်းဆက်ပြန်ရဖို့ ၁ သိန်း ပေးလိုက် ရတယ်”ဟု မမြသက်က ပြောသည်။သူမတို့စက်ရုံရှိ တရုတ်လူမျိုးနှင့် အသိဖြစ်သူသည် စက်မှုဇုံ မှတ်တိုင်အနီး တစ်ဝိုက်၌ လူမိုက်များအပေါ် ဩဇာ ရှိသူဖြစ်ပြီး လုယက်မှုဖြစ်သည့်ခဲ့သည့် တည်နေရာနှင့် အချိန်၊ နေ့ရက်တို့ကို ပြောပြလိုက်သည်နှင့် တစ်ပြိုင်နက် အဆိုပါ ပုဂ္ဂိုလ်သည် သူ၏လူများထံ ဖုန်းဆက်ပေးသည်ဟု ၎င်း၏ ဖုန်းပြန်ရခဲ့ပုံကို ပြန်လည်ပြောပြသည်။

“သူ့နဲ့သိတဲ့လူတွေ လုပ်တာဆိုရင် ပြန်ရမယ်။ သူ့နဲ့မသိတဲ့ လူ တွေလုပ်တာဆိုရင် ပြန်မရဘူး” ဟုလည်း မမြသက် က ရှင်းပြသည်။လမ်းမများထက်၌ လုယက်မှု ၊ ဓားပြတိုက်မှုတို့သည် လှိုင်သာယာတစ်မြို့နယ်တည်း၌ ဖြစ်ပွားနေခြင်း မဟုတ်ပေ။ ရန်ကုန်မြို့လယ်ရှိ ဆူးလေလမ်းမကြီးအပါအဝင် တစ်မြို့လုံးရှိ လမ်းမများထက်၌ ဖြစ်ပွားနေခြင်းဖြစ်သည်။

မေလပထမအပတ်တွင် လှန်းတန်းကဲ့သို့ လူစည်ကားရာတည်နေရာ၌ အမျိုး သမီးတစ်ဦးထံမှ ဟန်းဆက်လုယူမှု ဖြစ်ပွားခဲ့သည်။အဆိုပါ ဟန်းဆက်လုယူမှုဖြစ်စဉ်ကို အနီးအနားရှိ ဆိုက်ကားနင်းသူ ပြည်သူတစ်ဦးက ဝင်ရောက်ဖြေရှင်းပေးခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက် နှာသို့ ပျံ့နှံခဲ့သည်။

လုယက်မှုဖြစ်ပွားပြီး တစ်ရက်အကြာတွင် ရုပ်သံဖိုင်တွင်ပါရှိသည့် ဆိုက်ကားသမားကို ခိုးဆိုးလုနှိုက်များက လူစု လူဝေးဖြင့် လာရောက်သတ်ဖြတ်သွားခဲ့သည်။ လမ်းမများထက်ရှိ ခိုးယူမှု၊ လုယက်မှု၊ ဓားပြတိုက်မှုတို့ကို ပြည်သူ လူထုက နည်းလမ်းမျိုးစုံဖြင့် နေ့စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံရဲ နှင့် စစ်သားအယောင် ဆောင်ကာ ရန်ကုန်မြို့လယ်ခေါင် တွင် လက်ထိပ်ပြ၍ ပြည်သူလူထုထံမှ ငွေကြေးနှင့် ဖုန်းလုယူသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ထိုသို့ အလုခံရသူ ၂ ဦးကို လူငယ့်ခေတ်က ဆက်သွယ်မေးမြန်းခဲ့ပြီး ၎င်းတို့က ဖြစ်စဉ်မှန်ကန်ကြောင်း ပြောဆို သော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။အငြိမ်းစားရဲဝန်ထမ်းတစ်ဦးက အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မှတ်ချက်ပြုရာတွင် “ကျွန်တော်တို့တုန်းကတော့ မနက်ပိုင်း ညနေပိုင်း အလုပ်သွား အလုပ်ပြန်ချိန်ဆိုရင် အရပ်ဝတ်နဲ့ လှည့်ကင်းပေးရတယ်ဗျ။ အခုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ခေတ်မှာ လုယက်မှုတွေမရှိဘူးလားဆိုတော့ရှိတာပဲ။ ဒီလိုပဲ နည်းလမ်းမျိုးစုံနဲ့ နည်းသထက်နည်းအောင်တော့ လုပ်ခဲ့ကြတယ် ”ဟု ဆိုသည်။

သူသည် ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌ စစ်ကောင်စီ၏ လုပ်ရပ်များကို အင်တာနက်စာမျက်နှာ၌ ဝေဖန်နေသူတစ်ဦးလည်းဖြစ်သည်။“လုယက်မှုတွေဆိုတာ တိုင်ကြားမှုရှိမှလည်း စာရင်းဇယားကိန်းဂဏန်းရှိမှာ။ ကျွန်တော်တို့ခေတ်ကလည်း စာရင်းကောင်းကောင်းမရှိခဲ့ဘူး။ အခုဆိုရင်တော့ပိုဆိုးမှာပေါ့” ဟု ၎င်းကဆက်ပြောသည်။ယခုအခါ စစ်ကောင်စီက ခန့်အပ်ထားသည့် ရဲတပ်ဖွဲ့ကမူ တစ်နှစ်တာအတွင်း လမ်းမများထက်၌ လုယက်မှု၊ ဓားပြတိုက်မှု များနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးနိုင်သည့်ဖြစ်စဉ်ကို တစ်နှစ်ကျော်ကာလအတွင်း တစ်ကြိမ်မှ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။

တစ်နှစ်ကျော်ကာလအတွင်း သေနတ်ပြ၍ ဘဏ်များကို ဓားပြတိုက်သည့် ဖြစ်စဉ်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၅ ခုနှင့်အထက်ရှိခဲ့သည်။ယခုကဲ့သို့ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်များကိုမူ စစ်ကောင်စီက အမျိုးသားညီညွ တ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်မျာ းလုပ်ဆောင်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကို ယုံကြည်မှုကင်းမဲ့နေသည့် ပြည်သူများက ယင်းထုတ်ပြန်ချက်များနှင့် ပတ်သက်၍ စိတ်ဝင်စားမှုနည်းပါးသည်။ ပြည်သူ များစိတ်ဝင်စားသည်မှာ လမ်းမများထက်၌ လုံခြုံမှုရှိရှိ သွားလာနိုင်ရေးပင်ဖြစ် သည်။

ရန်ကုန်မြို့ရှိ လမ်းမများထက်၌ လုံခြုံစိတ်ချစွာ သွားလာလှုပ်ရှားလိုသူများအနက် မောင်ခန့်တစ်ယောက်လည်း ပါဝင်သည်။လမ်းပေါ်ဓားပြတိုက်ခံရခြင်းကြောင့် ဆိုင်ကယ်ဆုံးရှုံးသွားခဲ့သည့် မောင်ခန့် သည် အရစ်ကျအကြွေးပေးရန်နှင့် မိသားစုစားဝတ်နေရေး‌ဖြေရှင်းရန် သောကများဖြင့် ရှင်သန်နေရသည်။လက်ရှိတွင် မောင်ခန့်တစ်ယောက် ရပ်ကွက်အတွင်း အဆောက်အဦးငယ်များ တည်ဆောက်ရာလုပ်ငန်းခွင်တွင် အလုပ်ကြမ်းအလုပ်ကို ရနေပြီဖြစ်သည်။သို့သော် သူသည် ကယ်ရီဆွဲသည့်အလုပ်ကို နောက်နောင်မလုပ်တော့ဟု ဆုံး ဖြတ်ချက်ချလိုက်သည်။ “လှိုင်သာယာမှာ လုတဲ့ကောင် ကြောက်ရ၊ ဖမ်းတဲ့ကောင်ကြောက်ရနဲ့ ကယ်ရီတော့ ဘယ်တော့မှ မဆွဲတော့ဘူး”ဟု မောင်ခန့် တစ်ယောက် ပြတ်သားစွာ ပြောဆိုလာသည်။

Lungekhit