News

အင်းစိန်ထောင်တွင်း အာဏာပိုင်များနှင့် တာဝန်ရှိသူတချို့ ကြိုးစင်ကို လာရောက် ကြည့်ရှု့

အင်းစိန်ထောင်တွင်း အာဏာပိုင်များနှင့် တာဝန်ရှိသူတချို့ ကြိုးစင်ကို လာရောက် ကြည့်ရှုကြောင်း သတင်းထွက်ပေါ်

9 Jun 2022 By MPA

အင်းစိန်ထောင် အာဏာပိုင်များနှင့် တာဝန်ရှိသူ တချို့ ထောင်အတွင်းရှိ ကြိုးစင်ကို လာရောက် ကြည့်ရှုခဲ့ကြောင်း MPA မှ သီးသန့် ရရှိထားသည့် သတင်း အချက်အလက်များအရ သိရှိရသည်။

ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့၏ သေဒဏ် အမိန့်များကို အကြမ်းဖက် စစ်ကောင်စီက အတည်ပြုကြောင်း ပြောဆိုပြီးနောက် အဆိုပါ ကြိုးစင် သတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယင်းသို့သော အခြေအနေကြောင့် အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အတွက် ၎င်းတို့၏ ရဲဘော်ရဲဘက်များက စိုးရိမ်နေကြသည်ဟုလည်း ခိုင်လုံသော သတင်း ရင်းမြစ်ထံမှ ရရှိသည့် အချက်အလက်များတွင် ပါရှိသည်။

“သူတို့ ဝင်လာပြီးတော့ ကြိုးစင်ကို ကြည့်သွားတယ်။ အဲ့ဒီအပေါ်မှာ နိုင်ငံရေး အကျဉ်းသားတွေက စိတ်ပူမှုတွေ ရှိနေတယ်။ သေဒဏ် ပေးတဲ့သူတွေကို သတ်တော့မလား ဆိုပြီးတော့ပေါ့”ဟု အကျဉ်းထောင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ ၁ ဦး ကလည်း MPA ကို ပြောသည်။

လက်ရှိတွင် ထောင်အတွင်းရှိ ကြိုးစင်ကို လာရောက်ကြည့်ရှုမှုနှင့် ပတ်သက်၍ ထောင်အတွင်း အကျဉ်းသားများ၏ စိုးရိမ်စိတ်များတွင် အမှန်တကယ် သေဒဏ် ပေးထားသူများကို သတ်မည်လား၊ ထိုသို့ သေဒဏ်ပေး သတ်မည် ဆိုပါက NUG အစိုးရ အနေနှင့်လည်း ဘာဆက်လုပ်ရန် ရှိလဲ ဆိုသော မေးခွန်းများလည်း ရှိနေကြောင်း သိရပါသည်။

ဥပဒေ ပညာရှင် ရှေ့နေတစ်ဦးက“တချို့ သေဒဏ်ချခံရပြီးသား လူငယ်တွေ အများကြီးရှိပါတယ်။ သူတို့ကို လိမ္မော်ရောင် ဝတ်စုံတွေနဲ့ ရုံးထုတ်လာပြီး နောက်အမှုတွေ ကပ်ခံရသူတွေပေါ့။ တချို့ဆို တစ်ယောက်တည်းနဲ့ ၅ မှုလောက် ကပ်ခံရ တယ်။

ကပ်ခံရတဲ့ အမှုတိုင်းဟာလည်း သေဒဏ်တွေများတယ်။ ၄ မှုလောက် သေဒဏ်ပေးပြီးသားဆို ၄ သေလို့ ခေါ်ကြတယ်။ အဲ့ဒီ ၄ သေဟာ နောက်ထပ် အမှုရှိသေးရင် လိမ္မော်ရောင်ဝတ်စုံနဲ့ ထပ်ထွက်လာကြတာပါ။

ဒါပေမယ့် အခုနောက်ပိုင်း အမှုရှိသေးတာတောင် အထူးရုံးထဲကို လိမ္မော်ရောင်လေးတွေ ပေးမထုတ်တာကြာပေါ့။ သတိထားမိ တာလေး ပြောပြတာပါ”ဟု အွန်လိုင်းပေါ်တွင် မျှဝေထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် သေဒဏ် မချမှတ်ထားသည့် အကျဉ်းသားများ အပါအဝင် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုများ မပေးသည်ကိုလည်း စုံစမ်းသိရှိရသည်။အကြမ်းဖက် စစ်ကောင်စီက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ NLD လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ ၄ ဦးကို စစ်ခုံရုံးက ချမှတ်ခဲ့သည့် သေဒဏ်အတိုင်း အတည်ပြုကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ထို အတည်ပြု ဆုံးဖြတ်ချက်ကြောင့် ပြင်သစ်၊ အမေရိကန်၊ ကနေဒါ စသည့် နိုင်ငံများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့က ဝေဖန်ရှုတ်ချမှုများလည်း ပြုလုပ်ထားသည်။

Photo – MPA